သံဃာ့အရေးအခင်းနောက်ပိုင်း စင်္ကာပူနိုင်ငံရောက် မြန်မာပညာတတ် လူငယ် အရေအတွက် ၂ သိန်းအထိ ရှိလာ
Migration of young Burmese intellectuals to Singapore from IT sector increases more than double
Sharp increase in Burmese intellectual migrants in Singapore after 2007 September Monks’ Protests–largely due to Burmese regime’s restrictions on IT business and deteriorating economy
Interviewees: A local IT businessman in Mandalay, and a Burmese IT technician in Singapore
(Aired on August 6, 2007 from Radio Free Asia Burmese Service)
မြန်မာစစ်အစိုးရက နည်းပညာမြို့တော်အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအနီးမှာ ဆိုက်ဘာစီးတီး တွေ၊ နည်းပညာ ဗဟိုဌာနတွေ ထူထောင်ဖို့ အနှစ်နှစ် အလလက ကြိုးစားနေပေမယ့် ဆက်သွယ်ရေး နည်းပညာ နဲ့ အခြေခံ အဆောက်အဦတွေမှာ အကန့်သတ်ရှိ နေတာနဲ့ စီးပွားရေး ကြပ်တည်းမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် နည်းပညာပိုင်းဖက်က လူငယ်မျိုးဆက်သစ်တွေဟာ မြန်မာနိုင်ငံကို စွန့်ခွါပြီး နိုင်ငံခြားတိုင်းပြည်တွေကို နေ့စဉ်ထွက်ခွါနေကြပါတယ်။
အရင် ၂ နှစ်က စင်္ကာပူနိုင်ငံရောက် မြန်မာလူငယ်အရေအတွက်ဟာ ၆ သောင်းသာရှိပေမယ့် အခုနှစ်မှာ ၂ သိန်းအထိ ရှိသွားပြီလို့ စင်္ကာပူအစိုးရတရားဝင် စာရင်းတွေမှာ ဖော်ပြထားပါတယ်၊ ဒီအထဲမှာ အိုင်တီနည်းပညာတတ်လူငယ်တွေက အများစုလို့လည်း သိရပါတယ်၊
ဒီအကြောင်းတွေကို စုစည်းပြီး အာအက်အေ၀ိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
စင်္ကာပူအစိုးရရဲ့ တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံသား နည်းပညာတတ် လူငယ်အရေအတွက် ၂ သိန်းအထိ တက်လာတာဟာ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအချက်တခုဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုနည်းပညာတတ်လူငယ်တွေ ပြည်ပရောက်ရှိလာတဲ့အတွက် မြန်မာစစ်အစိုးရရဲ့ နည်းပညာဆိုင်ရာ စီမံကိန်းတွေဖြစ်တဲ့ ဆိုက်ဘားစီးတီးနဲ့ အိုင်စီတီပါ့ခ် ဖွံ့ဖြိုးရေးတွေမှာတော့ လူသားအရင်းမြစ်ဆိုင်ရာ အခက်ခဲတွေဖြစ်လာနေတယ်လို့ မြန်မာအိုင်တီလုပ်ငန်းရှင်တဦးက ပြောပြပါတယ်၊
အခုလို ဦးနှောက်ယိုစီးမှုကြီးမားတာ ကြောင့် မြန်မာနိုင်ငံက အိုင်တီလောက နိုင်ငံတကာအဆင့် ရောက်နိုင်ဖို့မှာတော့ အတော်ကို ဝေးနေပါတယ်လို့ မြန်မာအိုင်တီလုပ်ငန်းရှင်တွေက ပြောပါတယ်။
အခုလို ပညာတတ်လူငယ်တွေ တနှစ်ထဲမှာ နိုင်ငံရပ်ခြားကို အစုလိုက်ပြောင်းရွေ့သွားရတဲ့ အကြောင်းရင်းတွေ အများစုရှိတဲ့အထဲမှာ စီးပွားရေးအခြေနေ၊ မြန်မာနိုင်ငံက ပညာရှင်တွေအတွက် လိုအပ်တဲ့ အင်တာနက် ဆက်သွယ်ရေးနည်းပညာ အခြေခံအဆောက်အဦတွေ၊ လျှပ်စစ်မီးကအစ အလုပ်ကိုင်နဲ့ ၀င်ငွေ မပေးနိုင်တဲ့ အဆင့်ထိ နောက်ပြန်ဆွဲနေတဲ့ အခြေနေတွေကြောင့်ဖြစ်တယ်လို့လည်း စောစောက လုပ်ငန်းရှင်က ပြောပြပါတယ်။
(ဒီသတင်းတင်ပြချက်ကို ၂၀၀၈ သြဂုတ်လ ၆ ရက်နေ့က လွတ်လပ်တဲ့ အာရှအသံ အာအက်ဖ်အေကနေ အသံလွှင့်ခဲ့တာပါ)
အသံလွှင့် သတင်းကို နားထောင်ဖို့ ဒီနေရာ ကို နှိပ်ပါ။
